Thursday, December 10, 2009

လွမ်းမိတယ် RC2 ရယ်...

အခုတလော တက္ကသိုလ် ဆိုတဲ့ ကျောင်းတော်ကြီးရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အတိတ်ကို အမှတ်မထင် သတိရ၊ လွမ်းနေမိတယ်။ ကိုယ်တွေတုန်းကတော့ တက္ကသိုလ်ဆိုတာ တကယ့်ကို ပျော်စရာကောင်းတဲ့ ပညာသင်ရာ အရိပ်လေးပါပဲ။ RC2 မှာ ကျောင်းတက်ရတာကိုက ဂုဏ်ယူစရာလိုပေါ့။ သူငယ်ချင်းတွေ တွေ့ကြလို့ ဘယ်ကျောင်းကလဲလို့ မေးရင် RC2 မှာလေ လို့ ဖြေရတာကိုက အရသာတစ်မျိုး..။ RC1 က ဗိုလ်တထောင် ကောလိပ်၊ RC2 က လှိုင်နယ်မြေ၊ RC3 ကတော့ ကြည့်မြင်တိုင်ကောလိပ် တစ်နေ့တစ်နေ့ တစ်ယောက်ကျောင်း တစ်ယောက် မမောနိုင်အောင် လိုက်လည်ကြတာလေ။ အခုပြန်တွေးရင် မနေ့တစ်နေ့ကလို ပါပဲ...။

ကိုယ်တွေ တက်တုန်းကတော့ ပထမနှစ်မှာ Practical မလုပ်ရဘူး၊ ဒုတိယနှစ်ရောက်မှ အထူးပြု ဘာသာရပ်တွေ အလိုက် ခွဲပြီး Practical စလုပ်ကြရတာ။ ပထမဦးဆုံး Practical ဆိုတာကို စလုပ်ခဲ့ဘူးတုန်းက ရင်ခုန်စရာတွေ၊ ချွေးပြန်စရာတွေ၊ ဟာသတွေနဲ့ စခဲ့တဲ့ အဲဒီနေ့လေးကို ပိုလွမ်းနေမိတယ်။ အဲဒီနေ့က ဓါတုဗေဒ အထူးပြုတွေ
Practical စလုပ်ရမယ်တဲ့။ ဆရာမကပြောပြပြီး သွားလုပ်ရမယ့်နေရာကိုပါ တခါတည်းပြောလိုက်တယ်။ ဘယ်နေရာထင်လဲ..? RC2 ထဲက Feel စားသောက်ဆိုင်လမ်းရဲ့ ဘယ်ဘက်နားမှာ ရှိတဲ့ ကုန်းလေးပေါ်က ရာဘာတောမှာပေါ့။ အဲဒီမှာ လက်တွေ့ခန်းတွေ အများကြီးရှိတယ်၊ သူ့မေဂျာနဲ့သူ ခွဲထားတယ်လေ။ ကိုယ်တွေက ဓါတုဗေဒ လက်တွေ့ခန်းကို လိုက်ရှာရင်း ကိုယ်လုပ်ရမယ့် အခန်းကို ရောက်ခဲ့တယ်။ စာထဲမှာ သင်ရတာကတော့ Practical လုပ်မယ်ဆိုရင် လိုအပ်တာတွေက Conical Flask တို့ Test Tube တို့ဘာတို့နဲ့ပေါ့လေ။

အဲဒီနေ့ရဲ့
လုပ်ရမယ့် Practical က ဆားချက် ရမယ်တဲ့။ စားပွဲပေါ်မှာတော့ Test Tube တွေ ဖန်ဇလုံတွေ တင်ထားတာ စုံနေတာပဲ။ ဖန်ဇလုံထဲမှာလည်း ပင်လယ်ရေတွေ ထည့်ထားတယ်။ လက်တွေ့လုပ်ဖို့ အုပ်စု တစ်စုကို ၁၀ ယောက်ခွဲထားတယ်။ ကိုယ်တွေအဖွဲ့က မိန်းကလေး ၃ ယောက်ပဲပါတယ်၊ ကျန်တာက ယောကျာင်္းလေးတွေ။ အတွေးနဲ့ အားကိုးလောက်တယ်ပေါ့နော်...။ တကယ်လည်း Practical လုပ်ရော အုပ်စုတွေကို စပြီးဝေပေးတာ နို့ဆီခွက်လေးတွေ..။း) နို့ဆီခွက်တွေ ကိုင်ပြီး ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဘာလုပ်ရမလဲပေါ့လေ။ စလုပ်ခါနီးကျတော့ ဆရာမက ခုနပေးထားတဲ့ နို့ဆီခွက်လေးတွေကို ယူလာခိုင်းပြီး ဖန်ဇလုံထဲက ပင်လည်ရည်ကို Test Tube နဲ့ စုပ်ပြီး ထည့်ခိုင်းတယ်။ ပြီးတော့ လျှပ်စစ် မီးဖို ၄ လုံး ဖွင့်ထားပေးတယ်။ တလှည့်စီ ခုနနို့ဆီခွက်ကို မီးဖိုပေါ်တင်ပြီး ရေတွေခန်းလို့ ဆားပွင့်လေးတွေ ထွက်လာတဲ့အထိ စောင့်ရတယ်။ ကိုယ့်အလှည့်ရောက်တော့ ခုန အားကိုးလောက်တဲ့ မောင်မင်းကြီးသားတွေက ငါတို့လက်ပူမှာ ကြောက်လို့ နင်တို့ပဲ လုပ်တဲ့။ ကောင်းရော ...။း)

ဒီလိုနဲ့ ကိုယ်တွေ အုပ်စု ဆားချက်လိုက်ကြတာ ပင်လယ်ရေတွေခန်းလို့ ဆားပွင့်လေးတွေ နို့ဆီခွက်ထဲမှာ ပေါ်လာပါရော...။ နို့ဆီခွက်ထဲကရေ ခန်းမခန်းနဲ့ ဆားပွင့်လေးတွေ ပွင့်မပွင့် ကြည့်ရတာ ရင်ခုန်ရတာ တစ်မျိုး၊ လျှပ်စစ်မီးဖိုက အပူတွေက လက်တွေရော မျက်နှာတွေပါ ဟတ်လို့ ချွေးတွေ ပြန်တာတစ်မျိုး၊ ဆားပွင့်တွေ ထွက်လာတော့ ၀မ်းသာပြီး နို့ဆီခွက်နဲ့ လက်တွေ့ဆင်းရတဲ့ အဖြစ်ကို ရီကြရတာ အမောပါပဲ။ ဒီလိုနဲ့ ဆားတွေထွက်လာတဲ့ နို့ဆီခွက်လေးကို ယူပြီး ဆရာမကို သွားပြလိုက်တာ အဖွဲ့အားလုံး အမှတ်ပြည့် ရပါလေရော။ ပထမဦးဆုံး ပျော်စရာကောင်းတဲ့ ဓါတုဗေဒ ဘာသာရပ်ရဲ့ လက်တွေ့ခန်း ဆိုတာကို နားလည်သွားကြတယ်။း)


ဘယ်တော့မှ မမေ့တဲ့ တက္ကသိုလ်ရဲ့အမှတ်တရနဲ့ ပထမဦးဆုံး
Practical လုပ်ခဲ့တဲ့ နေ့လေးကို သတိရရင်း RC2 အလွမ်းပြေ အဖြစ် ဒီပိုစ့်လေးကို ရေးဖြစ်လိုက်တာပါ။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ


Friday, December 4, 2009

This, too, shall pass away.

အခုတလော ခရီးသွားနေတာကြောင့် စာအသစ်တွေ မတင်ဖြစ်တာနဲ့ ကျမ ဖတ်ခဲ့တဲ့ ဖေမြင့်ရဲ့ "စာဖတ်သမား၏ မှတ်စုများ" ဆိုတဲ့ စာအုပ်ထဲက အနှစ်သက်ဆုံးနဲ့ တန်ဘိုးရှိတဲ့ စကားလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်...။ စာဖတ်သူများလည်း နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်....။

စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲ စွဲနေမိသော စကားတခွန်းရှိတယ်...။

"This, too, shall pass away"

ဒါလည်း ပြီးသွားမှာပါ တဲ့။ သို့သော် တန်ခိုးရှိသည်၊ တန်ဘိုး ရှိသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အကြောင်းတစုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက် ဖြစ်ကာ တနုံ့နုံ့ တွေးနေမိသည့် အခါမျိုးတွင် သည်စကားလေး ခေါင်းထဲပေါ်လာလျှင် စိတ်ထဲ ပေါ့ပါး သွားတတ်သည်။

သိပ်အားတက်နေ၊ ၀မ်းမြောက်နေ တစ်ကိုယ်တည်း ပီတိတွေ ဖြာနေမိသည့် အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိ ဖော်ပေးတတ်သည်။

"ဟေ့ ... သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါ"

တန်ဖိုးရှိလှသည့် စာကား။ လောကကြီးထဲမှာ သင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကားတခွန်း။ သည်စကားကို ဘယ်သူပြောခဲ့သလဲ? သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ?

ဘတ်တလက် (John Bartlett) ရဲ့ လူသိများသော ကိုးကားစကားများ (Familiar Quotations) ကျမ်းမှာ ရှာကြည့်တော့ သုံးစွဲခဲ့သူတွေ အများအပြား ပါကလား။

" ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ။
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ။
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။" တဲ့

ကဗျာဆရာ (J.G Saxe) က ဒီစကားလေးက ပေးသော အတွေးကို ဖွင့်၍ ရေးခဲ့သည်။ သည်လိုပါပဲ ကဗျာဆရာ၊ ၀ထ္ထုရေးဆရာ တွေကလည်း ကဗျာစာသားများထဲမှာ ထည့်ပြီး သုံးခဲ့တယ်။ ကဗျာ ခေါင်းစဉ်တွေအဖြစ်လည်း သုံးကြတယ်။ မဆိုသလောက် ကွဲပြားကြတာလေးတွေတော့ ရှိတာပေါ့။

"This, too, will pass."
"This, too, will pass away."
"Even this shall pass away."
"All things shall pass away."

စသည်ဖြင့်ပေါ့။ အများသုံးခဲ့ကြတာ ဟုတ်ပါပြီ။ သို့သော် ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားတယ်။ ပုံပြင် စတင်ထွက်ပေါ်လာတဲ့ နေရာက အနောက်အာရှ ဒေသဖြစ်တယ်။

အဲဒီပုံပြင်လေးက ................... တရံရောအခါ ရှင်ဘုရင် တစ်ပါးတည်း စိတ်ပင်ပန်း ဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက် အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခု ရေးသားပြုစုပေးရန် တောင်းဆိုသည်။ ဆောင်ပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော၊ နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။ မူးမတ်တွေကလည်း ဆောင်ပုဒ်အမျိုးမျိုး တင်ပြကြတယ်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။

နောက်ဆုံး သမီးတော်က သူမ ရွေးချယ်ထားတဲ့ ဆောင်ပုဒ်ကို မြလက်စွပ် တစ်ကွင်းပေါ်မှာ ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင်က နှစ်သက်သဘောကျသွားတယ်။ လက်စွပ်ပေါ်မှာ အာရဗီ ဘာသာနဲ့ ရေးထွင်းထားတဲ့ စာသားရဲ့ အဓိပ္ပါယ်က "This, too, will pass." ဟူ၍ .... ဖြစ်တယ်တဲ့။

ကျမတို့လည်း ဒီစာသားလေးအတိုင်း စိတ်ဓါတ်ကျနေချိန်ပဲ ဖြစ်ဖြစ် ကြည်နှုးပျော်ရွှင်ချိန်တွေပဲ ဖြစ်ဖြစ် ဒီစကားလေးကို အမြဲတမ်း ဆောင်ထားပြီး ကိုယ့်ကိုကိုယ် သတိပေး နေထိုင်သွားတတ်အောင် ကြိုးစားကြတာပေါ့။


ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, November 27, 2009

ပထမခြေလှမ်း

ကိုယ့်ဘ၀ရဲ့ ပထမဆုံး ခြေလှမ်းကို မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ ခွန်အားတွေ အပြည့်နဲ့ စတင်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ အတွေးမှာတော့ အဲဒီ မျှော်လင့်ချက်တွေနဲ့ အတူ အလုပ်တွေလုပ်ရင်း လက်ရှိဘ၀ထက် တိုးတက်နိုင်မယ်လို့လည်း အပြည့်အ၀ ယုံကြည်ထားတယ်။ ယုံကြည်ချက်တွေကိုလည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားရင်း ပြည်ပထွက် အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မိခင်မြေ ရင်ခွင်ထဲက စွန့်စားခွဲထွက်ပြီး တိုင်းတပါးမှာ တကိုယ်တည်း ရပ်တည် နေထိုင်ဖို့ဆိုတာ ပြောသလောက် မလွယ်ခဲ့ပါဘူး။ ဒါပေမဲ့လည်းလေ... နိုင်ငံခြားထွက်အလုပ်လုပ်မှ အဆင်ပြေမယ်ထင်ရတဲ့ ခေတ်ကြီးရဲ့ တွန်းပို့မှုကြောင့် အလုပ်ရဖို့ လွယ်ကူတဲ့ စကာင်္ပူဆိုတဲ့ ကျွန်းနိုင်ငံ သေးသေးလေးကို စတင်ရောက်ရှိခဲ့တယ် ဆိုပါတော့ ...။

ပထမဆုံး စကာင်္ပူကို ရောက်ရှိခဲ့စဉ်က အလုပ်စပြီး ရှာရတဲ့ အတွေ့အကြုံကတော့ သတင်းစာ၊ အင်တာနက် စုံလို့ပါပဲ။ ဒါပေမယ့် အလုပ်ခေါ်တဲ့ ကုပ္မဏီတိုင်းကို ဖုန်းဆက်မေးလိုက်တိုင်း PR လား?... Local လား?.. Singaporean လား?... ဆိုတဲ့ လားပေါင်း မြောက်များစွာထဲမှာ ရထားတဲ့ Social Visit နဲ့ နေထိုင်ခွင့်လေးက ကုန်ပါတော့မယ်။ ဒီတော့ နောက်ဆုံးလက်နက် အဖြစ် အေးဂျင့်ကို ဆက်သွယ်ရတော့တာပေါ့။ အေးဂျင့်ပေါင်း မြောက်များစွာထဲက တစ်ခုကတော့ အေးဂျင့်ခ စကာင်္ပူဒေါ်လာ ၃၃၀၀ ပေးရမယ်၊ စပြီး အင်တာဗျူးသွားတာနဲ့ စကာင်္ပူဒေါ်လာ ၃၀၀ ပေးရမယ်၊ အရွေးခံရရင်တော့ နောက်ထပ် ၇၀၀ ထပ်ပေးရမယ်။ SPass တင်တာနဲ့ ကျန်တဲ့ငွေကို အပြီးချေရမယ်။ SPass မရခဲ့ရင်တော့ ဒေါ်လာ ၂၇၀၀ ပြန်ပေးမယ်၊ ဒေါ်လာ ၆၀၀ ကတော့ ၀န်ဆောင်မှုအနေနဲ့ ပြန်မရဘူး။

မတတ်နိုင်ဘူးလေ ... ကိုယ်မှ မပြန်ချင်တာ ဒီတော့ သူပြောသလို လုပ်ပေါ့။ တစ်ရက်တော့ အင်တာဗျူးရှိတယ်ဆိုလို့ အေးဂျင့်ကိုယ်တိုင် လိုက်ပို့ပေးတယ်။ ဟိုရောက်တော့ ဒါရိုက်တာ အမျိုးသမီးက အင်တာဗျူးတယ်။ နောက်တော့ အေးဂျင့်နဲ့ အကြောင်းပြန်မယ်ဆိုပြီး ပြောလိုက်တယ်။ အင်တာဗျူးသွားတဲ့ အထဲမှာ စင်္ကာပူ NUS ကနေ မာစတာ ပြီးပြီးသား မြန်မာအစ်မ တယောက်လည်းပါတယ်။ အံ့သြသွားတာတော့ အမှန်ပဲ။ စကာင်္ပူမှာကျောင်းပြီးလို့ မာစတာ ပြီးတာကို အေးဂျင့်နဲ့ အလုပ်ရှာရတယ်လေ။ ဒီလောက်တောင် ဖြစ်နေလားဆိုပြီး ပြန်သာလာရတယ် တကယ်အားမရှိတော့ဘူး။ နောက်တစ်နေ့ မနက် သူဌေးက အလုပ်ခန့်လိုက်ကြောင်း အေးဂျင့်ဆီက ဖုန်းလာတော့မှ စိတ်အေးသွားခဲ့ရတယ်။ ပျော်သွားတာတော့ အမှန်ပဲ ဒါပေမယ့် ပေးရမယ့် အေးဂျင့်ခက ရင်မောစရာ နင့်ကနဲ။

အလုပ် ရပြီးပြန်တော့လည်း SPass approve ဖြစ်ပါစေလို့ နေ့တိုင်း ဆုတောင်းနေရင်း ရင်မောနေရတာပါ။ အလုပ်လည်းရ၊ SPass လည်းရရော အလုပ်အတွက် စာချုပ်ချုပ်ရပါပြီ။ စာချုပ်တောင် ၂ မျိုးနဲ့ လက်မှတ် ထိုးပေးခဲ့ရပါတယ်။ ပထမ စာချုပ်က ၂ နှစ် အလုပ်လုပ်ပေးရမယ်၊ တစ်လကို လခ စကာင်္ပူဒေါ်လာ ၁၈၅၀ နဲ့အတူ အကျိုးခံစားခွင့်တွေလည်း ပါတယ်။ ဒုတိယ စာချုပ်က ၂ နှစ်လုပ်ရမယ် ဒါပေမယ့် တလကို လခ စကာင်္ပူဒေါ်လာ ၁၀၀၀ နဲ့အတူ ဘာခံစားချက်မှ မပါဘူး။ ခွင့်တောင်မှ ၂ နှစ်ပြည့်မှ ၁ ပတ်ပဲရမယ်တဲ့။ လစာတိုးဖို့ ဆိုတာလည်း ဘာမှမပါဘူး။ အဲဒီအချိန်မှ ဘာမှလည်း လုပ်လို့မရတော့ဘူး ပိုက်ဆံတွေကလည်း ပေးပြီးကုန်ပြီလေ။ ကိုယ်ခင်းတဲ့ဇာတ် ကိုယ်ပဲ ဆက်ကရတော့မှာပေါ့။

စစချင်း အလုပ်စ၀င်တဲ့ နေ့မှာတော့ အင်တာဗျူးတဲ့ ဒါရိုက်တာအမျိုးသမီးက တစ်ရုံးလုံးနဲ့ လိုက်ပြီး မိတ်ဆက်ပေးတော့ အသက်မပါတဲ့ အပြုံးတွေကို စတင် တွေ့လိုက်ရတယ်။ စိတ်ထဲမှာလည်း အားငယ်လာတယ်၊ မြန်မာဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတဲ့ရုံးမှာ စလုံးတွေနဲ့ တရုတ်တွေပဲရှိတယ်။ မနက်မိုးလင်း ရုံးရောက်လို့ ကိုယ်က မောနင်းလို့ နှုတ်ဆက်ပေမယ့် ပြန်မပြောတဲ့သူက ၉၀ ရာခိုင်နှုန်း။ ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှုကိုတော့ ကိုယ်ပြရမှာပဲ နှုတ်ဆက်စရာရှိတာ နှုတ်ဆက်၊ လုပ်စရာရှိတာလုပ်ပေါ့။ ဒုတိယနေ့ ဒါရိုက်တာက ခေါ်လို့သွားတော့ ရုံးမှာ သူအပါအ၀င် မန်နေဂျာ ၃ ယောက်နဲ့ သဌေးလင်မယား ၂ ယောက် စုစုပေါင်း ငါးယောက်ရဲ့ ရေနွေးခွက် ကော်ဖီခွက်တွေကို မနက်တိုင်း ဆေးပေးရမယ်၊ ပြီးရင် အားလုံးအတွက် ရေနွေးပြင်ပေးရမယ်တဲ့၊ ဒါက မနက်ရုံးရောက်ရောက်ချင်း လုပ်ရမယ့် အလုပ်တဲ့။ ခန့်ထားတဲ့ အလုပ်က Account & Admin assistant.

ဝမ်းနည်း ဒေါသထွက်တဲ့ စိတ်ကို မျိုသိပ်ရင်း မနက်တိုင်း ရေပုံးလေးထဲမှာ ကော်ဖီခွက်နဲ့ ရေနွေးခွက် ငါးခွက်ကိုထည့်ပြီး ဘေစင်မှာ ဆေးပေးခဲ့ရတယ်။ ပြီးရင် သူတို့ရဲ့ စားပွဲတွေပေါ်ကို လိုက်တင်ပေးရတယ်။ အဲဒီအချိန်မှာ ကြည့်နေကြတဲ့ တချို့ဝန်ထမ်းတွေရဲ့ မျက်ဝန်း အဓိပ္ပါယ်ကို ကောင်းကောင်း ဖတ်နိုင်ခဲ့ပေမယ့် ပြန်ချေပဖို့ အင်အားမရှိခဲ့ပါဘူး။ သူဌေးလာလို့ မိုးရွာရင် ဘယ်သူ့ကိုမှ မခေါ်ပဲ ကိုယ့်ကိုပဲ လှမ်းခေါ်ပြီး သွားကြိုခိုင်းတယ်၊ ကားထဲက ပစ္စည်းတွေ သွားသယ်ခိုင်းတယ်။ ဘာပညာမှ မတတ်တဲ့ တရုတ်ပြည်က တရုတ်မတွေ၊ အင်္ဂလိပ်လို Leave letter (ခွင့်စာ) ကိုတောင် စာလုံးမပေါင်းတတ်တဲ့ သူတွေရဲ့ ကြားထဲမှာ ဒီလိုအလုပ်တွေကို လုပ်ခဲ့ရတယ်။ ဒီကြားထဲက သူတို့ အလုပ်တွေကိုလည်း ခိုင်းတာမျိုးတွေရှိတယ်။ သူတို့ဟာ သူတို့လုပ်လို့ရရဲ့နဲ့ ကိုယ့်ကိုလှမ်းခေါ်ပြီး Photo Copy ကူးခိုင်းတာ၊ Fax သွားပို့ခိုင်းတာတွေ။ ညနေရုံးဆင်းလို့ သူတို့အလုပ်မပြီးရင် ကိုယ့်ကိုပါ ခေါ်ပြီး Overtime ဆင်းခိုင်းခဲ့တာတွေ။ တခါတလေ ကိုယ့်တယောက်တည်းကိုပဲ Overtime ဆင်းခိုင်းခဲ့ပြီး သူတို့က မသိမသာ ပြန်သွားတာတွေ။ လစာထုတ်ရင်တော့ ဘယ်တော့မှ Overtime အတွက် မပါပဲ ပုံမှန်လစာပဲ ရခဲ့တာပါ။ လုပ်သက် ၆ လပြည့်လို့ လစာတိုးဖို့ သွားပြောတဲ့ အခါမှာတော့ ပြန်ပြောလိုက်တာက "နင်က Contract နဲ့အလုပ်လုပ်တာ ၂ နှစ်မပြည့်မချင်း ဒီလစာပဲ၊ မတိုးဘူးတဲ့လေ"... လစာသာ မတိုးတာပါ အလုပ်တွေကတော့ ပိုပို တိုးလာခဲ့တယ်။

ကိုယ်လုပ်ရမယ့် တာဝန်တွေ အပြင် သူများရဲ့ အလုပ်တွေကိုပါ ကူလုပ်ပေးရတဲ့သူ ဖြစ်လာတယ်။ ရုံးမှာ Dinner ရှိလို့ပဲဖြစ်ဖြစ် အခြားပွဲ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် အားလုံးပြန်သွားတဲ့ အထိ ကိုယ်က မပြန်ရသေးဘူး။ ဒီလိုနဲ့ လုပ်သက် ၁ နှစ်နဲ့ ၇ လကျော်ကြာလာတယ်။ တနေ့မှာတော့ ရုံးမှာ ပွဲတခုလုပ်ကြတယ် Account ဌာနက မန်နေဂျာဆိုတဲ့ တရုတ်ပြည်က တရုတ်မက ရုံးမှာဘယ်သူမှမရှိလို့ ပန်းကန်တွေ ဆေးပေးခဲ့ပါတဲ့။ ရုံးမှာ ၀န်ထမ်း ၃၀ ကျော်ရှိတဲ့ ထဲကမှ ကိုယ်တယောက်တည်းကို ရွေးပြီး ခိုင်းတယ်၊ အဲဒီအထိတော့ သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်သွားပြီ။

အဲသည်နေ့ကတော့ သည်းခံခဲ့သမျှတွေ ပေါက်ကွဲတဲ့ နေ့ပါပဲ။ ဒါကြောင့် သူ့ကို ပြန်မပြောခင် အရင် စဉ်းစားမိတယ်... ငါသူ့ကို သူခိုင်းတာ မလုပ်နိုင်ဘူးလို့ ပြန်ပြောလိုက်ရင် ဘာဖြစ်မလဲ? နောက်ဆုံးအဆင့် အလုပ်က ထွက်ရုံပေါ့... ဒီအခြေအနေကို ငါလက်ခံနိုင်မလား? လက်ခံနိုင်တယ်ဆိုရင် ဆက်သာချတော့။ ဒီလိုနဲ့ ဆုံးဖြတ်အပြီး တစ်ခုချင်းစီ ချက်နဲ့လက်နဲ့ ပြန်ပြောပြီး ငြင်းဆန်လိုက်ပါတော့တယ်။ ခန့်ထားတဲ့ တာဝန်က ရုံးလုပ်ငန်းနဲ့ အကောင့် ကိုယ်နဲ့ သက်ဆိုင်တဲ့ အလုပ်တွေ လုပ်ရတဲ့ အပြင် အခုလိုမျိုး ဘာမှမဆိုင်တဲ့ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေကို ထပ်ခိုင်းတာ။ မြန်မာဆိုရင် နှိမ်ချင်ကြတဲ့ သူတို့လို လူမျိုးတွေနဲ့ လက်တွဲပြီး ဆက်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် ကိုယ့်ဟာကို အလုပ်ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့တယ်။ ထွက်စာသွားတင်တဲ့ အချိန်မှာ ဒါရိုက်တာက "နင်ရဲ့ Contract က ၂ နှစ်ချုပ်ထားတာ ၂ နှစ်မပြည့်ခင် ထွက်လို့မရဘူးတဲ့" ဒီတော့ တခွန်းပဲ ပြန်ပြောလိုက်တယ် "ရတယ် ... MOM နဲ့ပဲ စကားပြောမယ်လို့၊ လစာကိစ္စလည်း တခါတည်း တိုင်လိုက်မယ်လို့" ပြောလိုက်တော့မှ ဘာမှမပြောတော့ပဲ ထွက်စာကို လက်ခံလိုက်တယ်။ အေးဂျင့်ခ ကြေပေမယ့် ဘာမှတော့ မစုမိလိုက်ပါဘူး။ ရတဲ့လခနဲ့ အသုံးစရိပ်နဲ့ အိမ်ကို ပြန်ပို့တာနဲ့ အားလုံးဟာ ကွက်တိပါပဲ။ ဒါပေမယ့် ၀ယ်ယူလို့မရတဲ့ သင်ခန်းစားတွေနဲ့အတူ သူတို့လို လူမျိုးတွေကို ဘယ်လို ပြန်ပြီး ဆက်ဆံရမလဲဆိုတဲ့ လူမှုဆက်ဆံရေး ပညာတော့ ကောင်းကောင်း ရလိုက်ပါတယ်။ သူတို့ပေးလိုက်တဲ့ သင်ခန်းစာနဲ့ နောက်ထပ် အလုပ်တစ်ခုမှာ ဆက်လက်ရပ်တည်ဖို့ ကြိုးစားရင်း အလုပ်အသစ်တခု ရရှိခဲ့ပါတယ်။ ပထမဦးဆုံး နိုင်ငံခြားမှာ အလုပ်စလုပ်ခဲ့ရဘူးတဲ့ မလှပခဲ့တဲ့ ပထမခြေလှမ်းကို နာကြည်းစွာ ခံစားရင်း ရှေ့ဆက်ရမယ့် ဒုတိယ၊ တတိယ ခြေလှမ်းတွေကို လှပအောင် ကြိုးစားရုန်းကန်နေရတယ်။ မြန်မာလူမျိုးတွေကိုလည်း ကိုယ့်လိုမျိုး အဖြစ်မျိုး မခံစားစေချင်ဘူး။ ကိုယ်မျှော်လင့်ခဲ့တဲ့ ရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေဟာ လက်တွေ့မှာ ထင်ထားတာနဲ့ တက်တက်စင်အောင် လွဲချော်ခဲ့ရတာပါ။

အစကတည်းက ဘယ်သူမှ ကိုယ့်တိုင်းပြည်၊ ကိုယ့်မိသားစုကို ခွဲပြီး နိုင်ငံရပ်ခြားမှာ အလုပ် လာမလုပ်ချင်ကြပါဘူး။ ပညာတတ်တွေ ဖြစ်ရဲ့သားနဲ့ ကိုယ့်လောက်မှ ပညာမတတ်တဲ့ သူတွေနဲ့ တန်းတူ အခွင့်အရေး မရပဲ လုပ်ငန်းခွင့်မှာ ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။ ကိုယ့်တိုင်းပြည်မှာ ဘွဲ့ရလို့ အလုပ်ရှာမရတဲ့ ဒုက္ခ၊ ရပြန်တော့လည်း မဖြစ်စလောက် ၀င်ငွေနဲ့ မိသားစုတွေရဲ့ ကြပ်တည်းတဲ့ စီးပွားရေးတွေ၊ အစစ အရာရာ ငွေမရှိရင် လူရာမ၀င်တဲ့ ပတ်ဝန်းကျင်တွေရယ်ကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုးတွေ ဘယ်လောက်တောင် ကျွန်သက်ရှည်နေရမယ် မသိဘူး။ ကိုယ့်တိုင်းပြည်မှာသာ တိုးတက်ခဲ့မယ်၊ လူတစ်ယောက် ရပ်တည်ဖို့အတွက် လုံလောက်တဲ့ လစာနဲ့သာ အလုပ်လုပ်ခွင့်တွေ ရနေမယ်ဆိုရင် ဘယ်လောက်များ ကောင်းမလဲလို့ မျှော်လင့်နေမိတာ အခုအချိန်ထိပါပဲလေ...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Friday, November 20, 2009

အမှတ်တရနဲ့ လိုအပ်ချက်များ

နယ်ကနေ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ကျောင်းလာတက်ရတဲ့ ကျမအဖို့တော့ အိပ်မက်တွေပါပဲ။ ကျမ ဆိုတာက အညာဒေသက လာတဲ့ အညာသူပေါ့။ ၁၀ တန်းအောင်ပြီးလို့ ရန်ကုန်မှာ အမေ့ အမျိုးတွေနဲ့ အတူနေပြီး စီးပွားရေး တက္ကသိုလ် အဝေးသင် တက်နေသူပါ။ အမျိုးတွေရဲ့ အကြံပေးချက်အရ ဘွဲ့ရပြီးလို့ စာရင်းကိုင်လုပ်ရင် ကွန်ပျူတာ တတ်မှဖြစ်မယ်တဲ့။ ဒီတော့ ရွာက မိဘတွေကို ပြောပြီး ရန်ကုန်က ကွန်ပျူတာ သင်တန်းတစ်ခုမှာ အခြေခံကစပြီး သင်တန်းတက်ခဲ့တယ်။

ပထမဆုံး သင်တန်းတက်တဲ့ ရက်မှာပဲ ရင်တွေတုန်ခဲ့ရတာ။ ကွန်ပျူတာ ဆိုတာကြီးကို အခုမှ မြင်ဘူးတာလေ။ အတန်း တတန်းလုံး လူက (၂၀) ပဲရှိတယ်။ ဘေးမှာ ရွယ်တူ ကောင်မလေး တစ်ယောက်ထိုင်တယ်။ ကြည့်ရတာ မြို့ကြီးသူ စတိုင်ပေါ့။ ကျမ တစ်ယောက်ထဲ သနပ်ခါး ပါးကွက်နဲ့ ကောင်လေးတွေက ပြုံးစိစိ။ တတ်နိုင်ဘူးလေ... ဒါကျမ ငယ်ငယ်လေးထဲက ပုံစံပဲ။ စာသင်ခန်းထဲရောက်လို့ ခဏအကြာ ကျမတို့ကို စာသင်မယ့် ဆရာမ အတန်းထဲ ၀င်လာတယ်။ အံ့သြမိတာက ဆရာမက ငယ်ငယ်လေး၊ ကျမတို့ထက် (၁) နှစ် (၂) နှစ်လောက်ပဲ ကြီးမယ် ထင်ရတယ်။ အတန်းထဲကို ၀င်လာတာနဲ့ ဆရာမလေးက အားလုံးကို ပြုံးပြပြီး နှုတ်ဆက်တယ်။ ရှေ့ဆုံးတန်းမှာ ထိုင်တဲ့ကျမကို သေချာကြည့်ပြီး ပြုံးပြတော့ ပါးချိုင့်လေးက ခွက်ဝင်သွားတယ်။ မျက်နှာချိုတဲ့ ဆရာမလေးကို ရင်ထဲကနေ ခင်မင်သွားတယ်။ ငယ်ငယ်လေးနဲ့ ကွန်ပျူတာ ဆရာမလေးကို လေးစား အားကျလိုက်တာနော်။ ပထမဆုံး စာသင်တဲ့ နေ့မှာတင် ကျမ ငိုချင်လာပါပြီ။ ကွန်ပျူတာ ဆိုတာကြီးကို ကိုင်ရမှာ ကြောက်တာရယ်၊ ကီးဘုတ်ဆိုတာပေါ်ကို လက်တင်တာနဲ့တင် လက်တွေက တုန်။ ဆရာမက ဘယ်ဘက်လက်ကို A S D F နဲ့ ညာဘက်လက်ကို J K L ; ပေါ်မှာ တင်ရမယ်လို့ ပြောလို့ အဲတိုင်း တင်းထားရပေမယ့် လက်ကတော့ တုန်နေဆဲပါ။ နောက်တော့ Typing Tutor လို့ခေါ်တဲ့ လက်ကွက် လေ့ကျင့်ခန်းကို စသင်ရတယ်။

မှန်တာပြောရရင် အဲဒီနေ့မှာတင် စာသင်ခန်းထဲက ထွက်ပြေးချင်လောက်အောင် ဇောချွေးတွေ ပြန်ခဲ့ရတာပါ။ ဆရာမလေးက ကျမ မရမှန်းသိတော့ အနားမှာ လာရပ်ပြီး လက်ကိုမရွေးစေနဲ့ မကြောက်နဲ့ဆိုပြီး အနီးကပ် လာသင်ပေးပါတယ်။ ကျမပဲ ညာဏ်မမှီတာလား အကြောက် လွန်တာလားတော့ မသိတော့ဘူး။ တကယ့်ကို မမှတ်မိတာပါ။ သင်တန်းက စတာ (၁) ပတ်ရှိလာပြီ၊ ကျမရဲ့ လက်ကွက်က တိုးတက်မှု မရှိခဲ့ဘူး။ သူများတွေက ကီးဘုတ်ကို ကြည့်စရာမလိုပဲ လက်ကွက်အလွတ်ရလို့ လေ့ကျင့်ခန်းတွေ စလုပ်နေကြတာပေါ့။ ကျမမှာတော့ ဒီလက်ကွက်က မတက်တော့ဘူး။ ကျမ ငိုကလည်းငိုချင်၊ သင်တန်းကိုလည်း ဆက်တက်ချင်စိတ် မရှိတော့လောက်အောင် ကျမကိုယ်ကျမ စိတ်ဓါတ်ကျနေပါပြီ။

တနေ့တော့ သင်တန်းအပြီး ကျမ အခန်းထဲကအထွက် ဆရာမလေးက ကျမကို လှမ်းခေါ်တယ်။ အတန်းထဲမှာ စာမလိုက်နိုင်တဲ့ ကျမအတွက် သူ့အိမ်မှာ အချိန်ရရင် ကွန်ပျူတာ လာလေ့ကျင့်ဖို့ အတွက် စီစဉ်ပေးမယ်တဲ့လေ။
အို..... ကျမ ပျော်လိုက်တာ... အရမ်းပဲ။ ကျမရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ၀မ်းသာပီတိဖြစ်ရင်း သဘောကောင်းတဲ့ ဆရာမလေးနဲ့ စိတ်ဓါတ်ကိုလည်း လေးစားသွားမိတာပေါ့။ ရင်ထဲမှာလည်း ကျေးဇူးတွေကို အကြိမ်ကြိမ် တင်နေမိတယ်။ ကျမလို ဘုမသိဘမသိ အညာသူ တစ်ယောက်အဖို့တော့ ဆရာမ အိမ်မှာ စာသွားသင်ရမယ်ဆိုတာ ထီပေါက်သလိုပါပဲ။ ဒီလိုနဲ့ ဆရာမလေးရဲ့ အစီအစဉ်နဲ့ ကျမ ကွန်ပျူတာ ဆရာမလေးအိမ်မှာ လေ့ကျင့်ခန်းတွေ လုပ်နိုင်ခဲ့တယ်။

ကျမနေတဲ့နေရာနဲ့ ဆရာမလေး အိမ်နဲ့က အရမ်းကို ဝေးတယ်။ အိမ်ကနေ ဆရာမလေး အိမ်ကို ဘတ်(စ)ကား ၃ ဆင့်စီးပြီး ကျမ သွားခဲ့ရတယ်။ တနယ်တကြေးကနေ ပညာလာသင်တဲ့ ကျမအတွက်တော့ အခွင့်အရေး ရသမျှ ကြိုးစားရမှာပဲလေ။ ဆရာမလေးက စေတနာကောင်းသလို သူ့အိမ်က မိသားစုတွေကလည်း အရမ်းကို သဘောကောင်းကြတယ်။ ကျမလိုပဲ သူသင်တဲ့ သင်တန်းတွေက စာမလိုက်နိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သူ့အိမ်မှာ အလကားခေါ်ပြီး စာသင်ပေးတယ်။ တခါတလေ ဆရာမ မရှိတဲ့ အချိန်ဆို ဆရာမရဲ့ မိဘတွေက ကျမကို ကွန်ပျူတာ ဖွင့်ပေးထားရင်း စာလုပ်နေခဲ့ရတယ်။ သင်တန်းတွေကနေ မောမောပန်းပန်းနဲ့ ပြန်လာတာနဲ့ အမောမဖြေနိုင်သေးပဲ ကျမကို စာအရင်သင်ပေးတယ်။ ပြီးမှ ကျမကို လေ့ကျင့်ခန်း ပေးထားခဲ့ပြီး သူလုပ်စရာရှိတာ လုပ်တော့တယ်။ မိသားစုလိုက် စိတ်ကောင်း စေတနာရှိတဲ့ ဆရာမလေး ကိုလေးစားပြီး ချစ်ခင်ခဲ့ရတာပါ။

ကျမ ရွာပြန်ရင် ဆရာမလေး အကြောင်း ကြွားလိုက်ရတာ အမော၊ မိဘတွေကို ပြောပြတော့ ကျမမိဘတွေကလည်း ကျေးဇူးတွေတင်လို့။ ရွာကပြန်လာရင်တော့ ရွာမှာ ထွက်သမျှ သနပ်ခါးတုံး၊ ပုန်းရည်ကြီး၊ မြေပဲဆံ၊ စတဲ့ ပစ္စည်လေးတွေ လက်ဆောင် ယူလာပြီး ကန်တော့ဖြစ်တယ်။ မာနမကြီး၊ အဆင့်အတန်း မခွဲခြားတတ်တဲ့ ဆရာမလေး မိသားစုက ကျမရဲ့ ရွာပြန် လက်ဆောင်တွေကို ကြည့်ရင်း အားနာနေကြစမြဲ။
သင်တန်းမှာ ပထမအဆင့်ပြီးတော့ ဆရာမလေးက နောက်အဆင့်တွေ အိမ်မှာ သင်ပေးမယ်တဲ့၊ လခ ပေးစရာမလိုဘူးတဲ့လေ။ ကျမလည်း မပေးပဲနဲ့တော့ မသင်ပါရစေနဲ့ ကျမ တတ်နိုင်သလောက်တော့ ပေးချင်တယ်ဆိုပြီး အတင်းပြောတော့မှာ ဆရာမလေးက ခေါင်းညိမ့်တယ်လေ။ ဒီလိုနဲ့ ကျမနဲ့ ဆရာမလေး မိသားစုတို့ ရင်းနှီးခင်မင်လာပြီး ကျမလည်း ကွန်ပျူတာကို အတန်အသင့် ကျွမ်းကျင်လာတဲ့ အချိန်မှာ ဆရာမလေးက သူ့သူငယ်ချင်းရဲ့ ကွန်ပျူတာ စာစီစာရိုက်ဆိုင်မှာ အချိန်ပိုင်း ၀င်လုပ်စေခဲ့တယ်။ ကျောင်းတဘက်နဲ့ ကျမ အပိုဝင်ငွေပါ ရစေခဲ့ပါတယ်။ ကျမဘ၀မှာ ဆရာမရဲ့ ကျေးဇူးတွေက ပြောမပြတတ်အောင်ပါပဲ။

ပထမဆုံး ရတဲ့လခထဲက ကျမမိဘနဲ့ ဆရာမလေးကို ကန်တော့နိုင်ခဲ့တယ်။ ကျမနဲ့ အသက်မကွာတော့ ကျမက ထိုင်လည်း ကန်တော့ရော ဆရာမလေးက မနေတတ်ပဲ ရှက်နေတယ်။ ဆရာမ အမေက သမီး ဆုပေးလိုက်အုံးလေ... ဆိုတော့မှ.. ကျမကို ပြုံးပြီး ဆုတွေအများကြီး ပေးခဲ့တယ်။ အဲဒီအပြုံးတွေနဲ့အတူ ကျမချစ်တ၊ဲ့ ကျမလေးစားရတဲ့ ဆရာမလေးကို ကျမတစ်သက်လုံး ကျေးဇူးတင် အမှတ်ရနေမှာပါ။


အခုဆိုရင် ကျမကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲကို ရောက်နေပါပြီ။ ကျမပတ်ဝန်းကျင်မှာ လူအမျိုးမျိုး စိတ်ထား အဖုံဖုံတွေကိုလည်း မြင်တွေ့နေရပါတယ်။ အခု မြင်တွေ့နေကျ ဖြစ်ပျက်နေတာကတော့ သူငယ်တန်း ကနေစပြီး တက္ကသိုလ်အထိ ကျူရှင်ဆိုတာပါပဲ။ ဆရာမဆီမှာ ကျူရှင်တက်တဲ့ ကလေးနဲ့ ကျူရှင်မတက်တဲ့ ကလေးတွေအတွက် စာသင်ခန်းထဲမှာ ခွဲခြားဆက်ဆံ ခံနေတာတွေ စိတ်မကောင်းစွာ ကြားနေ၊ မြင်တွေ့ နေရပါတယ်။ မိဘတွေမှာ စားစရာ မရှိရင်နေရမယ် ကျူရှင်လခကိုတော့ မဖြစ်မနေ ရှာကြံပေးနေကြရတယ်လေ။ ကျမချစ်ခင်လေးစားရတဲ့ ဆရာမလေးတို့ မိသားစုလို စိတ်ထား ဖြူစင်ပြီး ကူညီတတ်တဲ့ နှလုံးသား ရှိကြတဲ့ လူမျိုးတွေ လောကကြီးမှာ များစွာ ရှိနေသင့်ပါတယ်။ ငွေကြေးအတွက် အဓိက မဟုတ်ပဲ
မွန်မြတ်တဲ့ အလှူဖြစ်တဲ့ ပညာဒါနနဲ့အတူ ၀ါသနာ၊ စေတနာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ ဆရာ၊ ဆရာမတွေ ကျမတို့ တိုင်းပြည်ရဲ့ နေရာတိုင်းမှာ လိုအပ်နေဆဲပါ။

မှတ်ချက် ။ ။ လွန်ခဲ့တဲ့ (၁၁) နှစ် ကျော်လောက်က ချောက်မြို့ရဲ့ တဘက်ကမ်း အညာဒေသ ကျွန်းညိုဆိုတဲ့ ရွာလေးကနေ ရန်ကုန်မှာ ကျောင်းလာတက်ခဲ့တဲ့ ကျောင်းသူ တစ်ယောက်ရဲ့ ခံစားချက်လေးကို ပြန်လည်ခံစား တင်ပြထားတာပါ....။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ


Saturday, November 14, 2009

ကမ္ဘာမပျက်ခင် ... တစ်လအလို

ကျမရဲ့ မကြာသေးတဲ့ ဘလောဂ့်သက်တမ်းလေးမှာ ဒုတိယမြောက် တဂ့်ပိုစ်လေး အဖြစ် ကိုဏီလင်းညို က တဂ့်လိုက်တာပါ။ ကျမရေးသမျှ စာတိုပေစလေးတွေကို အမြဲတမ်းလာဖတ်ပြီး အားပေးတတ်တဲ့ အကိုတစ်ယောက်ပါ။ ကျမအတွက်တော့ အထီးကျန်တဲ့ အချိန်တွေမှာ စာရေးပြီး ရရှိခဲ့တဲ့ ခင်မင်စရာကောင်းတဲ့ ဒီအသိုင်းအ၀န်းလေးကို တွယ်တာနေခဲ့ပါပြီ။ သတိတရနဲ့ တဂ့်ပိုစ့်လေး ရေးခွင့်ပေးတဲ့ ကိုဏီလင်းညို ကိုလည်း ကျေးဇူးတင်ပါတယ်နော်။
=========================
"ကမ္ဘာမပျက်ခင် ... တစ်လအလို" တဲ့ ဒီခေါင်းစဉ်လေးကတော့ အခုတလော ဘလောဂ့်တွေမှာ မြင်တွေနေရတဲ့ဲ့ ထူးခြားပြီး နာမည်ကြီးတဲ့ တဂ့်ပိုစ့်လေးပါပဲ။ ဒီတဂ့်ပိုစ့်နဲ့ ပတ်သက်လို့ VOA မှာ အင်တာဗျူး လာသွားတာကိုလည်း နားထောင်လိုက်ရတယ်။ ဒါကြောင့် ဒီပိုစ့်လေးတွေကို ကျမ နှစ်သက်မိတဲ့ ဘလောဂ့်ကာတွေရဲ့ စာမျက်နှာတွေမှာ ဖတ်ခဲ့ဘူးပါတယ်။ ခေါင်းစဉ်လေးတူပေမယ့် ရေးထားကြတဲ့ အတွေးအခေါ် အယူအဆတွေက မတူကြဘူးလေ။ ကမ္ဘာကြီး တကယ်ပျက်မပျက်ကို အသာထားလို့ တစ်ယောက်တစ်မျိုး ရေးထားတာတွေ လိုက်ဖတ်ရတာ ဗဟုသုတ ရသလို ပျော်စရာတော့ ကောင်းသား။ တချို့က ဘာသာရေး အမြင်တွေနဲ့ မသေခင် နေတတ်၊ သေတတ်အောင် ဆုံးမထားတယ်၊ အချို့ကြတော့ လာမယ့်ဘေးပြေးတွေ့ ပေါ့ပေါ့ပါးပါး ပျော်စရာလေး ဖြစ်အောင် ကြောက်စိတ်တွေ ပေါ့သွားအောင် နှစ်သိမ့်ပေးပြီး ရေးထားကြတယ်။ အချို့ကြပြန်တော့ လူရယ်လို့ ဖြစ်တည်နေထိုင်ခွင့် ရခဲ့တဲ့ ကမ္ဘာမြေကြီးကို ကျေးဇူးတင်ပြီး ပျက်စီးသွားမှာကို စိတ်မကောင်းစွာ ရေးထားခဲ့ကြတယ်။

အတွေးနဲ့ ... တကယ်လား? ကမ္ဘာကြီး တကယ်ပျက်မှာလား? ကမ္ဘာကြီးက ၂၀၁၂ မှာ ပျက်မယ်လို့ ဆိုပေမယ့် အခုကတည်းက သူဟာ ကျန်းမာရေး ဖောက်ပြန်နေပါပြီ။ ရာသီဥတုတွေ မမှန်၊ သစ်တောတွေ ပျက်စီး၊ မုန်တိုင်းတွေကြ၊ ငလျင်တွေလှုပ် နဲ့လေ။ ဒါပေမယ့် သေချာမသိပေမယ့် ပျက်စီးမယ့် ရက်စွဲတောင် အတိအကျ ဖော်ပြနေကြပြီလေ ...။ ဒီတော့ မပျက်ခင် တစ်လ အလို ဘာတွေပြင်ဆင်ထားမလဲ?

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…
အမှန်တော့ တကယ်ပျက်ရင် အားလုံးဟာ သေရမယ့် အတူတူ ဘယ်သူနဲ့ပဲ အတူတူရှိရှိ ဘာမှ ထူးခြား မလာနိုင်တော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် ကူညီနိုင်မယ်လည်း မထင်ဘူးလေ။

(၂) ဘာတွေခံစားနေရလဲ…
တခါမှ မတွေ့ကြုံဘူးတဲိ့ပ်လန့်စရာ အဖြစ်ဆိုးကြီးကို မျက်မြင်ကိုယ်တွေ့ မြင်ရမှာဆိုတော့ ပုထုဇဉ် လူသားပီပီ ထိတ်လန့်မိမှာတော့ မလွဲမသွေပါပဲ။

(၃) ဘာတွေပြင်ဆင်ထားမလဲ…
လူဆိုတာ သေမျိုးချည်းပါပဲ။ ဒါ့အပြင် ကိုယ်ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ သေမယ်ဆိုတာကို မသိနိုင်ဘူးလေ။ အခုဟာက ကိုယ်သေဖို့ တစ်လ အလိုကို ကြိုသိနေမှတော့ ပြင်ဆင်စရာတွေတောင် ပြင်ဆင်ဖို့ အချိန်ရနေပါသေးတယ်။ ဒီတော့သေခါနီးမှာ စိတ်ကောင်း စေတနာကောင်းနဲ့ စိတ်ထားလေးကို ဖြူစင်အောင်ထားလို့ အေးချမ်းစွာ သေတတ်အောင် နေတတ်ဖို့ပဲ ရှိတော့တာပေါ့။

(၄) ၀မ်းနည်းမိမှာက…
တကယ်ရင်ဆိုင်ရရင်တော့ ၀မ်းနည်းနေဖို့လည်း အချိန်မရှိတော့ဘူး။ အသက်သာဆုံး သေဖို့ပဲ ရှိတော့တယ်။

(၅) ကြောက်လန့်မိတာက…
တခုပဲရှိတယ် ... မျက်စိရှေ့မှာ သွေးရူးသွေးတန်းနဲ့ သေကြတာကို မြင်ြပီး ရူးသွားမလား ကြောက်မိတယ်။ တိုက်တန်းနစ် သဘောင်္ကြီး နစ်တုန်းကလို လူတွေ ကြောက်အားလန့်အားနဲ့ ပြေးလွှားနေတာမျိုး မမြင်ချင်ဘူး။ ဥပစ္ဆေဒကံနဲ့ သေရမှာတော့ ကြောက်တာပေါ့။ ဒီတော့ ဘယ်မှမသွားပဲ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေပြီးတော့ပဲ အသေခံ သွားတော့မယ်။

(၆) ဆောင်ထားချင်တာ…
လူဆိုတာ သေရင် ဘာကိုမှ ယူဆောင်သွားလို့ မရဘူးလေ။ ကိုယ်ပြုခဲ့သမျှ ကုသိုလ်၊ အကုသိုလ်သာလျှင် ကိုယ့်နောက်ကို လိုက်ပါမှာမို့ ဘာကိုမှ ဆောင်မထားတော့ပါဘူး။

(၇) ဘာတွေရေးမိမလဲ…
ဘာမှ မရေးဖြစ်တော့မှာတော့ သေချာပါတယ်။

(၈) တွေးမိတွေးရာ..
ကိုယ်လုပ်ခဲ့သမျှ ကိုသိုလ် ကောင်းမှုလေးတွေကို ပြန်မြင်ယောင်ရင်း၊ တွေးနေလိုက်တော့မယ်။

(၉) ဂုဏ်ယူချင်တာက…
ကိုယ့်ကိုကိုယ့် ဂုဏ်ယူရလောက်အောင် အထိ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့သေးဘူး။

(၁၀) ရှာကြံဖြေသိမ့်မိတာက…
မိဘတွေအတွက် မလိမ္မာရင်တောင် မိုက်တဲ့ သားသမီးတော့ မဖြစ်ခဲ့ပါဘူးလို့ ဖြေသိမ့်မိမယ်။

(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..
မြတ်စွာဘုရား ဆုံးမခဲ့တဲ ...
"ဟန္ဒဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊ ဝယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန၊ သမ္ပာဒေထ"
ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါး သင်္ခါရတရား
တို့သည် ပျက်စီးခြင်း သဘောရှိကြကုန်သည်။ မမေ့မလျော့၊ မပေါ့ဆဘဲ ၀ိပဿနာ တရားဖြင့်ရှုပွားပြီး အားထုတ်နေရစ် ကြကုန်လော့ ... ။

=========================
ကိုဏီလင်းညို ရေ ... ဒဏ္ဍာရီ ဆိုတဲ့ ဘလောဂ့်လေးပေါ်မှာ အမှတ်တရ ဖြစ်စေခဲ့တဲ့ ဒီတဂ့်ပိုစ့်လေးကို ရေးခွင့်ပေးခဲ့လို့ ၀မ်းသာမိပါတယ်။ ရေးတတ်သလောက် အတွေးလေးနဲ့ ရေးခဲ့တာကို ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

တဂ့်ပိုစ့်လေးရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးအတိုင်း ဆက်ပြီး တဂ့်လိုက်ရင် ကောင်းမယ် ထင်တယ်နော်...။
ဒဏ္ဍာရီ စာမျက်နှာကို ပထမဆုံး တဂ့်ပိုစ့်လေး ပေးခဲ့တဲ့ ညီမလေး နေ့အိမ်မက် ကို ဆက်ပြီး တဂ့်လိုက်ပါတယ်။ ညီမလေးရဲ့ အတွေးလေးကို သိချင်လိုက်တာ...! ကမ္ဘာမပျက်ခင် တစ်လအလိုမှာ ဘာတွေများ လုပ်မလဲလို့။ အချိန်ရရင် ရေးပေးအုံးနော်...။

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ


Tuesday, November 10, 2009

ငယ်ဘ၀စာမျက်နှာ

နွယ်စီးလာတဲ့ ကားက မီးပွိုင့်မှာ ရပ်ထားတဲ့ အချိန်၊ အမှတ်တမဲ့ လမ်းဘေးကို လှမ်းကြည့်မိလိုက်တော့ ... ကလေး နှစ်ယောက် ရန်ဖြစ်နေတာကို မြင်လိုက်ရတယ်။ ကြည့်ရတာတော့ မိန်းကလေး နှစ်ယောက်၊ တစ်ယောက်က နဲနဲကြီးမယ် ထင်ရတာပဲ။ ငယ်တဲ့ကလေးရဲ့ လက်ထဲက အရုပ်လေးကို အကြီးက အတင်းဆွဲလုနေတယ်။ နောက်ဆုံးတော့ အငယ်လေးက အလျှော့ပေးပြီး အရုပ်လေးကို လွှတ်လိုက်တာပေါ့။ ပြီးတော့ နှမြောတသတဲ့ မျက်လုံးလေးတွေနဲ့ အရုပ်လေးကို စိုက်ကြည့်ပြီး နောက်ပြန်လှည့် လျှောက်သွားတာ တွေ့လိုက်ရတယ်။ ဒီအဖြစ်လေးကို ကြည့်ပြီး နွယ့် ငယ်ဘ၀တုန်းက အဖြစ်လေးကို သတိရသွားမိတယ်။

ဖေဖေက အစိုးရ၀န်ထမ်းဆိုတော့ ပြောင်းသမျှ နယ်တွေကို လိုက်ရင်း နွယ် (၂) တန်းအရောက် အဲဒီနယ်မြို့လေးမှာ ကျောင်းစတက်ရတယ်။ ကျောင်းသူ အသစ်ဆိုတော့ စစချင်းတော့ နွယ့်ကို ဘယ်သူကမှလည်း မခေါ်ဘူး၊ သူငယ်ချင်းလည်းမရှိဘူး။ နွယ်ကလည်း တစ်ယောက်တည်း နေတတ်တဲ့သူဆိုတော့ သိပ်တော့ မထူးဆန်းသလိုပဲ။ ကျောင်းစတက်ပြီး ဒုတိယမြောက်နေ့မှာ နွယ်ထိုင်တဲ့ ခုံအနောက်က ကောင်မလေး တစ်ယောက်က နွယ့် နောက်ကျောကို ခဲတံနဲ့ထိုးပြီး ...

"နင့် ခဲဖျက်ငါ့ကို ခဏငှားပါ" တဲ့
"အင်း ရော့ ... " ဆိုပြီး

နွယ်ကလည်း ဘာမှမပြောပဲ ပေးလိုက်တယ်။ ဆံပင်ကောက်ကောက် မျက်လုံးပြူးပြူးနဲ့ ကုလားမလေးး၊ သူ့ကြည့်ရတာ ကြောက်စရာ ကောင်းသလိုပဲ။ နွယ်က အစထဲက လူကြောက်တော့ ပြီးပါလေရော ... ဒါနဲ့ပဲ ညနေကျောင်းဆင်းတဲ့ အထိ ခဲဖျက်ပြန်မပေးဘူး။ နွယ်က ပြန်တောင်းတော့ မသိချင်ယောင် ဆောင်နေတယ်။ နွယ်လည်း ထပ်မတောင်းရဲတော့ဘူး။ အခြားသူတွေကလည်း သူက လူကောင်ကြီးတော့ သူ့ဆို ဘယ်သူကမှ မပြောရဲကြဘူး။ အဲဒီကစလို့ သူနွယ့်ဆီက နေ့တိုင်း ခဲတံတောင်းလိုက်၊ ခဲဖျက်တောင်းလိုက်၊ ပေတံတောင်းလိုက် နောက်ဆုံး ဗလာစာအုပ် အသစ်ကအစ တောင်းလာတယ်။ နွယ်က မပေးရင် သူက နွယ့်ကို အနိုင်ကျင့်တယ်။ နောက်ကနေ ခဲတံနဲ့ ထိုးတယ်၊ ပေတံနဲ့ ခေါက်တယ်၊ ဆိတ်ဆွဲတယ်လေ။ နွယ်ကလည်း ကြောက်တော့ သူတောင်းသမျှ ပေးလိုက်ရော။ နေ့တိုင်း ခဲဖျက်ပျောက်လိုက်၊ ခဲတံပျောက်လိုက်နဲ့ နွယ်အိမ်ပြန်ရောက်ရင် မေမေက ဆူတာခံရတယ်။ ဒါက နွယ်ကိုယ်တိုင် ခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။

တွေးနေရင်းနဲ့ နွယ်ဆင်းရမယ့် မှတ်တိုင်အရောက် ကားပေါ်ကဆင်းပြီး လမ်းလျှောက်လာခဲ့တယ်။ လမ်းထိပ် နားအရောက် လင်မယားနှစ်ယောက် ရန်ဖြစ်နေတာ တွေ့ရပြန်ရော ... ဘာအတွက် ရန်ဖြစ်နေတယ်ဆိုတာ မသိပေမယ့် ယောကျာင်္းက မိန်းမကို ရိုက်လိုက်တာများ ထိုက်ရက်တောင် ကျသွားတယ်။ မိန်းမဆိုတော့လည်း ပြန်ခံမလုပ်နိုင်တော့ ပါးစပ်ကပဲ နိုင်အောင် ပြောနေတော့တာပေါ့။ သူကပြောလေ .... ယောကျာင်္းက ရိုက်လေပဲ။ သူတို့ကို ကြည့်ရင်း နွယ်တကယ် စိတ်ညစ်သွားတယ်။ ဒီနေ့ တနေ့လုံး ဒါမျိုးတွေပဲ မြင်နေရတယ်လေ။

အိမ်ပြန်ရောက်တဲ့အထိ နွယ့်အတွေးထဲမှာတော့ အရုပ်လေးကို အနိုင်ကျင့်ပြီး ယူသွားတာရယ်... ယောကျာင်္းတန်မဲ့ အင်အားနဲ့ မိန်းမကို အနိုင်ယူပြီး ရိုက်နှက်နေတာတွေရယ်... နွယ်ကိုယ်တိုင်လည်း ကလေးဘ၀က သူများ အနိုင်ကျင့်တာ ခံခဲ့ရတာတွေ ပြန်မြင်ယောင်လာမိတယ်။ အားမတန်လို့ မာန်လျှော့ပေးလိုက်တာလား? နွယ့်လိုပဲ ကြောက်ပြီး ပေးလိုက်ရတာလား? ဆိုတာတွေ ငယ်ငယ်တုန်းက မတွေးခဲ့ဘူးပေမယ့် အခုအချိန်မှာ နွယ်တွေးတတ်လာပြီ။ လောကကြီးမှာ တချို့သော လူတွေဟာ ငယ်စဉ်ကတည်းက အခုလို အကျင့်မျိုးတွေနဲ့ ကြီးပြင်းလာပြီး အင်အားနဲ့ အနိုင်ယူတာတွေ၊ တစ်ဦးပေါ်တစ်ဦး ညှာတာမှုမရှိဘဲ ကြီးနိုင်ငယ်ညှင်းတွေ ဖြစ်လာကြတာပဲ။ ဒီလိုမျိုးတွေသာ မရှိခဲ့ကြရင် အေးချမ်းပြီး ဘယ်လောက် ကောင်းလိုက်မလဲလို့ စဉ်းစားရင်း ...... အခု အဖြစ်အပျက်လေးကို တွေ့ပြီး ငယ်ဘ၀က စာမျက်နှာလေးကို သတိရသွားမိတာပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Wednesday, November 4, 2009

မှုန်ပြပြ အနာဂတ်

ရောင်ခြည်ဆိုတာ နွယ့် ဘ၀မှာမရှိသလောက် ရှားပါးခဲ့တယ်။ ၁၀ တန်းအောင်ပြီးလို့ အများတန်းတူ တက္ကသိုလ် တက်ချင်ပေမယ့် နွယ့်အိမ်ရဲ့ စီးပွားရေး အခြေအနေအရ ဓါတုဗေဒ ဘာသာကိုပဲ ရွေးပြီး အဝေးသင် တက်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အမှန်ကတော့ နွယ့်ရဲ့ အမှတ်က သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တက်ခွင့်ရခဲ့တယ်လေ။ မောင်နှမ ငါးယောက်ထဲက အကြီးဆုံးဖြစ်တဲ့ နွယ်က အငယ်တွေကို ဦးစားပေးဖို့ ဆုံးဖြတ်လိုက်ရတာ။

ဒီတော့ နွယ့်အတွက် ပညာရေးက စလို့ ကံမကောင်းခဲ့ဘူး။ အဝေးသင်တက်ရင်း စက်ရုံတခုမှာ အလုပ် ၀င်လုပ်ခဲ့ပြီး ညဘက်ကိုတော့ နွယ် လမ်းထဲက ၉ တန်းနဲ့ ၁၀ တန်း ကလေးတွေကို ဂိုက်လိုက်သင်တယ်။ တခါတလေ နွယ့်ရဲ့ ဘ၀ကို နွယ် ကိုယ်တိုင် စိတ်ကုန်တဲ့ အခါမျိုးတွေ ရှိတာပေါ့။ မိသားစုရဲ့ တာဝန်ကို ယူပြီး မိဘကို တလှည့် ပြန်လုပ်ကျွေးရလို့ နွယ်ကျေနပ် နေခဲ့ရတာပါ။ ဒီအသိလေးကြောင့် နွယ် ရပ်တည်နေနိုင်ခဲ့တယ်။ မိသားစု တာဝန်ရဲ့ ၇၀ ရာခိုင်နှုန်းက နွယ့်ကို အားကိုးနေရတာ။ မေမေနဲ့ ဖေဖေကို ကြည့်ပြီး နွယ် မောပန်းခဲ့သမျှတွေ ပြေပျောက်ခဲ့ဘူးတယ်။ အိမ်ပြန်ရောက်တိုင်း မေမေ တိုက်တဲ့ ရေတခွက်ကို သောက်ပြီး အမောဖြေခဲ့ရတာ နွယ့်ဘ၀ပါ။

ကျောင်းပြီးတော့ လစာကောင်းမယ့် အလုပ်ကို နွယ်ရှာရတယ်။ ဘွဲ့မရသေးတော့လည်း အလုပ်တွေက ဘွဲ့ရမှတဲ့။ ဟော ... အခု ဘွဲ့ရပြီးပြန်တော့ ကွန်ပျူတာ တတ်မှ၊ စာရင်းကိုင် တတ်မှတဲ့။ နွယ်က စာရင်းကိုတော့ လုပ်ငန်း အတွေ့အကြုံရှိပေမယ့် သူများတွေလို သင်တန်းဆင်း လက်မှတ်တွေ ဘာတွေ မရှိဘူးလေ။ ဒီတော့ နွယ်တစ်ယောက် အလုပ်ရဖို့ ခက်ပြန်ရော။ နွယ်ဘာလုပ်ရမလဲ ? သင်တန်းတက်ဖို့ ဆိုတာကလည်း ဘယ်မလဲ သင်တန်းကြေး? နွယ် တို့လို ဘွဲ့ရပြီးသား အလုပ်လက်မဲ့တွေ ဒုနဲ့ဒေးပါ။ အခုတော့ နွယ် အလုပ်လျှောက်တိုင်း မေးလိုက်တဲ့ သင်တန်းတွေ၊ တောင်းလိုက်တဲ့ လက်မှတ်တွေ။ ဒါဆိုရင် နွယ်တို့လို သင်တန်း မတက်နိုင်တဲ့ သူတွေအတွက် အလုပ်မရှိတော့ဘူးလား ? ဟုတ်တယ် တကယ့်ကို အလုပ်မရှိတာပါ။

နောက်ဆုံးတော့ လက်ရှိလုပ်နေတဲ့ စက်ရုံအလုပ်ကို ထွက်ပြီး စာသင်တဲ့ အလုပ်ကိုပဲ ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၉ တန်း ၁၀ တန်းတွေကို ဂိုက်လိုက်သင်တဲ့ ၀င်ငွေက စက်ရုံအလုပ်ထက် ၀င်ငွေပိုကောင်းတယ်။ စိတ်မကောင်းတာကတော့ နွယ်တို့လို ဘွဲ့ရပြီး အလုပ်မရကြတဲ့ ဘ၀တူ လူတန်းစားတွေကိုပါပဲ။ အခုတော့ "စုသက်နွယ်" ဆိုတဲ့ နွယ် တစ်ယောက် မှုန်ပြပြနဲ့ အနာဂတ်ဆိုတာ ရှာဖွေရင်း ဘ၀လမ်းကို ဆက်ပြီး လျှောက်လှမ်းနေဆဲပေါ့။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ